ကြိုဆိုပါသည်

♥♥သံယောဇဉ်ပင်လယ်မှနှင်းဆီကလှိုက်လှဲစွာကြိုဆိုပါ၏..အလယ်ေ၇ာက်လာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်..လှုပ်လှုပ်သဲ၇င်တွင်းစကားလေးတွေအန်ချရာပင်လယ်..Roseayemaung@gmail.comမှာပျော်ရွှင်နိုင်ကြပါစေ.♥♥.

ဗုဒ္ဒမြတ်တ၇ားတော်

 


ဝဋ္ဋ်ဆိုတာ လည်တတ်ပါတယ်။
 

Badda၀ဋ္ဋ်ဆိုတာ လည်တတ်ပါတယ်။ ကောင်းမှုပြုလုပ်ရင် ကောင်းကျိုး ခံစားရပြီး မကောင်းမှုပြုရင် မကောင်းကျိုးကို ခံစားရ ပါတယ်။ ကိလေသာ ကင်းစင်ပြီး နိဗ္ဗာန်သို့ မရောက်မချင်း ကိုယ်ပြုသမျှ ကောင်းမှု မကောင်းမှုများ၏ အကျိုးကို သံသရာ တွင် ကျင်လည်နေသမျှ ကာလပတ်လုံး ခံစားရမှာဖြစ်ပါတယ်။ ဘုရား ရဟန္တာတို့တောင်မှ ရှောင်လွဲလို့ မရပါဘူး။ ကျွန်တော် တို့ရဲ့ မြတ်စွာ ဘုရားရှင် နောက်ဆုံး ဘ၀တွင် ပေးဆပ်တော်မူ ခဲ့ရသော ၀ဋ္ဋ်တော် (၁၂) ပါးကို ဖော်ပြ လိုက်ပါတယ်။
(၁) ဒုက္ခရစရိယာ ခြောက်နှစ်ကျင့်ရခြင်း။ ကဿပဘုရားရှင်လက်ထက် ဇောတိပါလပုဏ္ဏားဖြစ်စဉ် ဘုရားဖြစ်မည်ဆိုလျှင် ခြောက်လမဟုတ် ခြောက်နှစ်ဒုက္ခရစရိယာကျင့်ပါမည်ဆိုသော ၀စီပါတ်တော်။
(၂) စိဉ္စမာဏ ကိုယ်ဝန်နှင့်တကွ စွပ်စွဲခြင်းခံရခြင်း။ ရှေးအခါက သေသောက်ကြူးဖြစ်စဉ် ပစ္စေကဗုဒ္ဓါ တစ်ပါးအား ဆွမ်းရပ်တော်မူရာ အကျင့်ယုတ်ဟု ပြောမိခြင်း ၀ိပါတ်တော်။

(၃)သုန္ဒရီပရိဗိုဇ်မ၏ အစွပ်စွဲခံရခြင်း။ ရှေးအခါက မုနာဠိအမည်နှင့် လူဖြစ်စဉ် ပစ္စေကဗုဒ္ဓါအား အကျင့်ယုတ်ဟု စွပ်စွဲခဲ့ခြင်း ၀ိပါတ်တော်။
(၄)သုန္ဒရီသေရာတွင် တိတ္တိသတင်းလွင့်၍ လူအများယုံမှားခံရခြင်း။ အလောင်းတော်ရသေ့ဖြစ်စဉ် ဈာန်ပျံရသေ့ တစ်ဦးအား ငြူစူခဲ့ဖူးသော ဣသာဝိပါတ်တော်။
(၅) ဒေ၀ဒတ်၏ ကျောက်တုံးလှိမ့်ချခြင်းကို ခံရခြင်း။ သူကြွယ်မျိုးဖြစ်စဥ်ညီကို လှည့်ဖြားခေါ်သွား၍ ကျောက်လွှာဖြင့် ဖိညှပ်ထုသတ်ခဲ့မိသော ၀ိပါတ်တော်။
(၆)ကျောက်လွှာထိခြင်းကြောင့် ခြေမတော်တွင် သွေးစိမ်းတည်ရခြင်း။ ရှေးက သူငယ်ဖြစ်စဉ် ပစ္စေက ဗုဒ္ဓါတစ်ပါးအား ခဲဖြင့်ပစ်ရာ ခြေတွင် သွေးယိုခဲ့ဖူးသော ၀ိပါတ်တော်။
(၇) ဆွမ်းခံကြွတော်မူရာ ဒေ၀ဒတ်တို့၏ အစီရင်ဖြင့် နာဠာဂီရီဆင်နှင့်တွေ့ခြင်း။ ရှေးအခါက ဆင်ထိန်း ဖြစ်စဉ်ရှင် ပစ္စေကဗုဒ္ဓတစ်ပါးအား ဒေါသဖြင့် ဆင်နှင့်လိုက်၍ တိုက်ခဲ့သော ၀ိပါတ်တော်။
(၈) ခြေမတော်တွင် ကျောက်လွှာကြောင့် အနာတည်ရာဇီဝက ဓားနှင့်ခွဲခြင်း။ ပဒေသရာဇ်မင်းဖြစ်စဉ် မူးယစ်သောက်စား လူအရှင်လတ်လတ်ကို ဓားဖြင့် ထိုးဖြတ်ခြင်းပြုခဲ့သော ၀ိပါတ်တော်။
(၉)ရံဖန်ရံခါ ခေါင်းခဲတော်မူရခြင်း။ ရှေးအခါက တံငါဖြစ်စဉ် ငါးဦးခေါင်းကို ထုရိုက်ရာတွင် ၀မ်းမြောက်ခဲ့ဖူးသော ၀ိပါတ်တော်။
(၁၀)မာရ်နှိုးဆော်၍ ဝေရဉ္စာတိုင်းသားတို့၏ ကပ်လှူသောမုယောဆွမ်းကို စားတော်မူရခြင်း။ မထင်မရှားသော အမျိုးသားဖြစ်စဉ် ရဟန်းတော်များ ဆွမ်းစားနေသည်ကို ဆွမ်းကြမ်းစားဟု ပြစ်မှားပြောဆိုခဲ့ဖူးသော ၀ိပါတ်တော်။
(၁၁)ခါးတော်ကိုက်ခဲသော ဝေဒနာခံစားရခြင်း။ ရှေးသောအခါ လက်ဝှေ့သမားဖြစ်စဉ် နိုင်လျှင် ခါးရိုးကို မြေနှင့် ကိုင်ရိုက်ခဲ့ဖူးသော ၀ိပါတ်တော်။
(၁၂)ဆန္ဒန်ဆယ်စီးအားကြီးတော်မူငြားသော်လည်း ၀မ်းတော်သွန်၍ အလွန်အားနွဲတော်မူရခြင်း။ ဆေးဆရာဖြစ်စဉ် သူဌေးသားတစ်ယောက်အား ကုစားရာ အခမပေးလို၍ မသက်သာသေးဟု လိမ်လည်ပြောဆိုရာတွင် ၀မ်းလားဆေးကို တိုက်ကျွေးခဲ့ဖူးသောဝိပါတ်တော်။
ဤ၀ိပါတ်တော်များကို ဖော်ပြရခြင်းကတော့ မြတ်စွာဘုရားရှင်တောင်မှ အလောင်းတော်ဘ၀က ပြုလုပ်ခဲ့သော အသေးအမွှား ကိစ္စလေးများကို ပရိနိဗ္ဗာန်မပြုမီ နောက်ဆုံး ဘ၀အထိ ပြန်လည်ပေးဆပ် ရခြင်းကို လူတိုင်းကို သိစေချင်၍ ဖြစ်ပါတယ်။ ဘယ်အရာမဆို ပေါ့ပေါ့တန်တန်နဲ့ အသေးအမွှားလေးပါလို့ သဘောထားပြီး အပျော်အပျက်အနေနဲ့ ပြောလိုက်ပေမယ့် အဲဒီအသေးအမွှားလေးတွေကလည်း တနေ့မှာ ပြန်လည် ပေးဆပ်ရမည်မှာ မလွဲဧကန်ဖြစ်ပါတယ်။ နောင်သံသရာကို ထားလိုက်ပါအုံး။ ယခု လက်ရှိ ဘ၀မှာတောင် ကိုယ်ကတော့ အပျော်အပျက်အနေနဲ့ ပြောလိုက်သော စကားကြောင့်သူတစ်ပါး ထိခိုက်နစ်နစ်သွားရင် အဲဒီသူအတွက် ဘယ်လောက်နစ်နာသွားမလဲ။ ဒါကြောင့် ဘာကိုမဆို မလုပ်ခင်ကတည်းက သူက ငါ့ကို ပြောလိုက်ရင် ငါဘယ်လိုခံစားရမလဲဆိုတာကို တွေးတော ဆင်ခြင်သုံးသပ်နိုင်ကြပါစေ။

တောသားလေး...http://www.phophtaw.org/burmese/


မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

Monday, November 21, 2011

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက်

အတွက်တော့ အသက်ရှင် မနေပါနဲ့။

 အများအတွက် သာသနာအတွက်

 လုပ်စရာတွေ အများကြီးပါ။


အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)



ချစ်သူစိမ်း၍ ဒုက္ခငြိမ်း


ဘဝ ဆိုသော အချစ် ဆိုသော အရာတို့သည် စကားနှစ်လုံးတည်းပင် ဖြစ်သော်လည်း တော်တော်လေး နားမလည်နိုင်အောင် ရှုပ်ထွေးစရာကောင်းလှ၏။ ရွှေလိုသဲ့သဲ့ပြီး ရှုပ်ထွေလှသည့်ဘဝထဲက အနှစ်ကို ကျင်ယူတတ်မှ တော်ကာကြ၏။ မုတ်ကောင်၏ အသားနုပေါ် တဖြည်းဖြည်းသဲမှုန်လေးတွေကျရာမှ အဖိုးတန် ပုလဲအဖြစ်သို့ ရောက်ရသကဲ့သို့ အချစ်နှင့်ယှဉ်တွဲနေကြသော ပုဂ္ဂိုလ်တို့သည် ဘဝထဲမှ တဖြေးဖြေး ဘဝ၏ အနှစ်သာရကို ထုတ်ယူကြကာ ဒုက္ခခပ်သိမ်းငြိမ်းကြကုန်၏။ ပုထုဇဉ်တို့၏ အချစ်သံသရာ ဘဝသံသရာကား ကမ်းမမြင် လမ်းမမြင် ရှည်လျားလှ၏။ ခရီးကရှည် စာရိတ္တက ခပ်သိုးသိုး အဖော်ကလည်း ခပ်ဆိုးဆိုးနှင့် ကြုံရတတ်သေး၏။ အမျိုးအမျိုး ကာမဂုဏ်အဖျက်အမှောင့်တွေကြောင့် အပါယ်ဘုံအခါခါ ရောက်ခဲ့ကြသည်လည်း မနည်းလှတော့။ သို့သော် တရားသံဝေ ရကြလေတော့ ချစ်သူစိမ်း၍ အချစ်ဇာတ်သိမ်း ဒုက္ခငြိမ်းကာ သံသရာတစ်ထောက် ရပ်နားနိုင်ကြသောသူများလည်းရှိပါသေးသည်။

ထိုသူတို့တွင် ဓမ္မဒိန္နာ သူဌေးကတော်လေးလည်း ချစ်သူစိမ်း၍ ဒုက္ခငြိမ်းခဲ့ရဘူး၏။ အချိန်ကား တော်တော်လေး ကြာညောင်းခဲ့လေပြီ။ မြတ်ဗုဒ္ဓ ဘုရားဖြစ်ပြီး ဒုတိယဝါလောက်မှာပင်ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းလေးပင်ဖြစ်၏။ ရာဇဂြိုဟ်မြို့သား သူဌေးသား ဝိသာခ လုလင်နှင့် သူဌေးသမီး ဓမ္မဒိန္နာတို့ ရွှေလက်တွဲကာ ထိမ်းမြားလက်ထပ်ခဲ့ကြ၏။ ထိုကဲ့သို့ထိမ်းမြားလက်ထပ်ခြင်းကို ဝိသာခ သူဌေးသားအဖို့ လွတ်လပ်ခြင်းတွေစတေးပြီး ဓမ္မဒိန္နာအတွက် ပျော်ရွှင်ခြင်းတွေ စတေးရသည် ဟု မယူဆခဲ့ပေ။ နှစ်ဦးသား လွတ်လပ်ခြင်းတွေ ရင်မှာပိုက် ပျော်ရွှင်ခြင်းတွေ တပွေ့တပိုက်နှင့် သေတပန်သက်တဆုံး ရိုးမြေကျ ပေါင်းသင်းဖို့ လက်ထပ်ခဲ့ခြင်းဖြစ်၏။

သို့သော်ဘဝမှာ မထင်မှတ်တာ မျှော်လင့်မထားတာလေးများ ကြုံလာသောအခါ မူလရည်မှန်းချက် အိပ်မက်လေးများလည်း မှုန်ဝါးဝါးဖြစ်လာတတ်၏။ သူဌေးသားလေး ဝိသာခသည် မြတ်ဗုဒ္ဓ ပထမဆုံးအကြိမ် ရာဇဂြိုဟ်မြို့သို့ ကြွလာသောအခါ တရားဓမ္မနာကြားရ၍ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင် ဗိဗ္ဗိသာရမင်းကြီးနှင့်အတူ ပရိတ်သတ်ပေါင်း ၁၂၉၀ သောတာပန်ဖြစ်ကြသည်ထဲတွင် သူဌေးသားလေး ဝိသာခသည်လည်း တစ်ယောက်အပါဝင်ပင်ဖြစ်သည်။ သောတာပန်သူဌေးသားလေး ဝိသာခသည် သောတာပန်ဖြစ်သော်လည်း ကာမဂုဏ်အာရုံကို လုံးဝ မပယ်သတ်နိုင်သေးသောကြောင့် သူဌေးသမီး ဓမ္မဒိန္နာနှင့် မိသားစုဘဝကို ပျော်ပျော်ရွှင်ရွှင် ဆက်လက်မြဲ။ ကဗျာနူနု စာနုနု ချစ်သူ့ရင်ခုံသံ စောင်းသံတမျှ နားလျှံဆဲ။ အယုအယပိုပို သမုဒယချိုချို ခပ်ဖွဖွစကားသံလေးများ သူနှစ်ကိုယ်ကြားမှာ ကြားရဆဲ။ တရစ်ရစ်တိုး တိုးတဲ့နွေခွေလို ခံစားရစ်ပတ်ဆဲ။
ထိုသို့သော တူနှစ်ကိုယ် ချစ်ရည်လူးပျော်ရွှင်မြူးစဉ်ကာလ မြတ်ဗုဒ္ဓသည် ဝါးတောရိပ်မွန် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးစဉ် ဝိသာခသူဌေးသားလေး တရားနာကြားရပြန်တော့ အနာဂါမ် အရိယာ ဖြစ်သွားခဲ့လေပြီ။ ထိုအချိန်မှစ၍ အနာဂါမ် ဝိသာခသူဌေးလေးသည် ချစ်ဇနီးဓမ္မဒိန္နာကို - ကျွန်းကုရု ဇေယျာမှာ၊ ပဒေသာ နန်းပင်မြင့်ဖွား၊ ရွှေကသစ် ရိပ်ကြာမှာ၊ နတ်မိမယ်တစ်ပါး ဟု မမြင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် အနာဂါမ်တို့မည်သည် ကာမဂုဏ် အာရုံမှန်သမျှ ကင်းစင်ပခဲ့လေသောကြောင့်တည်း။

ပုထုဇဉ်ဘဝဖြစ်နေရှာသော ဓမ္မဒိန္နာအဖို့ တချိန်က သူမ၏နေမင်းကြီးသဖွယ်ဖြစ်သည့် ချစ်သူမောင် ဝိသာခသူဌေးသား အနာဂါမ်ဖြစ်ဖြစ်သွားလေတော့ သူမအဖို့ နေပူလောင်ကျွမ်း အသဲကျွမ်းရကိန်းနှင့် ကြုံရှာလေပြီ။ နေမင်းကြီး ဝင်သွားပြန်တော့ အမှတ်တရပွင့်ဖတ်များ တလွှားလွှားခြွေချခဲ့ဘူးသည့် အိမ်ဦးအရှင် နေမင်းကြီးကိုအကြာင်းပြု၍ တမ်းတ လွမ်းရ ငိုကြွေးကြပေလိမ့်ဦးတော့မည်။ အနာဂါမ်အဆင့်နှင့် ပုထုဇဉ်အဆင့် အလွန်တရာကွာလွန်းသောကြောင့် ဝိသာခနှင့် ဓမ္မဒိန္နာတို့ အသွင်မတူ အိမ်သူမဖြစ် ဆိုသလို ရှေးယခင်ကအတိုင်း ပျော်တပြုံးပြုံးမော်မဆုံးအောင် အတူတကွ ရှေ့ဆက်လက်တွဲဖို့ခက်ခဲလာပေတော့မည်။

ဝိသာခသူဌေးသားလေး အနာဂါမ်အရိယာမဖြစ်ခင်က သူ-အဝေးအနီးခရီးမှပြန်လာသည့်အခါတိုင်း ချစ်ဇနီးတို့ထုံးစံအတိုင်း ဓမ္မဒိန္နာသည် ခြင်္သေ့ခံလေသာပြူတင်းမှ စောင့်မျှော်လျှက၊် ရောက်လာသည့်အခါ ချစ်စဖွယ်ရာတီတီတာတာ စကားများပြောလျှက် အပြုံးလေးများဖြင့် ခရီးဦးကြိုဆိုမြဲ။ နှစ်ကိုယ်တူ လှေကားထိပ်မှာ လက်ကိုဆန့်တန်း ပွေ့ဖက်လျှက် နှတ်ဆက်မြဲ။ ဦးဦးဖျားဖျား အစားအစာများ ကျွေးမြဲ။ ယောကျာင်္းကြိုက်တော့ စိုက်စိုက်လာ၊ မိန်းမကြိုက်တော့ မျှော်လိုက်တာ ဆိုသလို မိမိ၏အိမ်သို့စိုက်စိုက်ပြန်လာသော ချစ်သူမောင် အပြန်လာကိုပင် သစ်ကုလားအုပ်ပမာ ဓမ္မဒိန္နာ လည်တဆန့်ဆန့်အမြဲတန်းစောင့်မျှော်ရစမြဲ။

ဝိသာခသူဌေးသားလေး အနာဂါမ်အရိယာစခန်း တက်လှမ်းပြီး ဝေဠုဝန်ကျောင်းတော်မှ နေအိမ်သို့ပြန်လာခဲ့သည့်အချိန်မှစ၍ ရှေးယခင်နှင့် လုံးဝမတူတော့၊ ယောဂီ ရဟန်းတစ်ပါးကဲ့သို့ပင် ပိုမိုပြီးဣနြေ္ဒတည်ငြိမ်လာတော့၏။ အိမ်ရောက်ပြန်တော့လည်း ယခင်ကလို ချစ်ဇနီးအား အပြုံးနှင့်ပင် နှတ်မဆက်တော့။ တစ်ယောက်တည်း စားပြီး ညချမ်းအခါ ကျက်သရေအခန်းမှာ ဓမ္မဒိန္နာနှင့် အတူမအိပ်တော့ဘဲ သီးခြားညောင်စောင်းခင်းကာ အခြားတိုက်ခန်းတခန်းမှာ အိပ်လေတော့၏။ ထိုကဲ့သို့သော ချစ်သူမောင် ပြုမူဆက်ဆံလာသည်ကို ပထမတော့ ဓမ္မဒိန္နာ နည်းနည်းအံ့သြဖြစ်မိ၏။ နေ့စဉ် ထိုကဲ့သို့ဖြစ်လာတော့ ဓမ္မဒိန္နာက သူ့အချစ်ကို အမျိုးမျိုးစမ်းသပ်ကြည့်၏။ ရွှေကို ဖယောင်းနှင့် စမ်းသပ်လို့ရ၏။ ဖယောင်းကို မီးနှင့်စမ်းသပ်လို့ရစကောင်း၏။ သို့သော် ဒီတကြိမ်တော့ ဓမ္မဒိန္နာသည် ချစ်သူမောင် အနာဂါမ် ဝိသာခသူဌေး၏ အချစ်ကို ဘာနဲ့မှ စမ်းသပ်လို့မရတော့။ သူမ စမ်းသပ်သည့်အရာတိုင်း ပေမမီ ကိုက်မပီဖြစ်လာတော့၏။ ဓမ္မဒိန္နာအဖို့ ချစ်ခြင်းတရားကို စမ်းသပ်ရ ဆန်းစစ်ရခက်ရှာလေတော့သည်။

တစ်ချိန်က ချစ်ခြင်းမေတ္တာအကြင်နာတွေ၊ ဂရုစိုက်ယုယမှုတွေ၊ ပြုံးပျော်စရာတွေ၊ နှလုံးသားပုံရိပ်လွှာတွေ၊ မမြင်နိုင်သည့် ခိုင်ခံ့လှပါတယ်ဆိုသည့် သံယောဇဉ်တွေ၊ ကမ္ဘာဆုံးတိုင် မမုန်းနိုင် မမေ့နိုင် သတိရမယ်ဆိုသည့် စကားတွေကတော့ ဓမ္မဒိန္နာအဖို့ ကြယ်တွေကြွေသည့်ညပမာ တဖြေးဖြေးဝေးကွာသလို ခံစားရရှာလေတော့၏။ ဟိုယခင်ကလို လေပြေလေညှင်းလေး တရွရွသွေးချိန်မှာ ချစ်သူမောင် ဝိသာခထံမှ အချစ်ဝတ်ရည်များ ဆောင်ကျဉ်းမလာတော့ပေ။ ညချမ်းကာလ နုသက်တိုးဖွလှသည့် ခြေသံလေများလည်း မကြားရတော့။ ချစ်ခြင်းတရားက ဓမ္မဒိန္နာအတွက် တူနှစ်ကိုယ်ကတ္တားခြားစေခဲ့သည်။ သူမဘဝမှာ ချစ်သူမောင်ထံမှ ဘာတစ်ခုမှ တုန့်ပြန်မှု မရတော့လေတော့ ရွှေနားတော်သွင်း ဧချင်းတွေလည်း နားဝင်မချိုတော့ပေ။

ဓမ္မဒိန္နာသည် ခံစားချက်တွေ တပိုးတနင့်ဖြင့် ချစ်သူမောင်ထံချဉ်းကပ်ပြီး ရှိခိုးဦးချကာ မေးရှာလေတော့သည်။ အရှင့်သား ကျွန်မမှတစ်ပါး ပြင်ပ အခြားအမျိုးသမီးတစ်ယောက်ယောက်ကိုများ မျှော်လင့်တောင့်တနေပါသလား၊ အရှင့်သားနှင့် ကျွန်မအကြား တစ်ယောက်ယောက်ကများ သွေးထိုးထားလို့ပါလား၊ သို့တည်းမဟုတ် ကျွန်မမှာ တစ်စုံတစ်ရာ အပြစ်ရှိပါသလား ဟု သောကပရိဒေဝ မျက်ရည်ဖြိုင်ဖြိုင်ကျလျှက် မေးလေသည်။ အင်း ခက်တော့တာဘဲ၊ အကယ်၍ အဖြစ်မှန်ကို ပြောမပြလျှင် ဓမ္မဒိန္နာ ရွှေရင်နှစ်ခြမ်း ဖျန်းဖျန်းကွဲကာ သေပွဲဝင်ရှာရတော့မှာဘဲ ဟု အနာဂါမ် လင်တော်မောင် ဝိသာခ က သိလေသည်။ တဖက်ကလည်း လောကုတ္တရာတရားကို ထုတ်ဖော်ပြောဖို့ သိပ်ကို ဝန်လေးလှပေ၏။ နောက်ဆုံးတော့ ဝိသာခသည် ဓမ္မဒိန္နာ ရင်ကွဲနာကျ သေမည်ကို စိုးရိမ်သောကြောင့် အမှန်အတိုင်း ဖွင့်ဟပြောပြလေတော့၏။

နှမ ဓမ္မဒိန္နာ ငါသည် မြတ်ဗုဒ္ဓထံတော်မှ တရားနာခဲ့ရသောကြောင့် (အနာဂါမ်အဆင့်) လောကုတ္တရာတရားထူးရခဲ့သည်။ ထိုကဲ့သို့ တရားထူးရသူတို့မည်သည် ကာမဂုဏ်နှင့်ဆက်စပ်သည့် လောကီအပြုအမူများ ပြုလုပ်ဖို့ မသင့်တော်တော့ပေ။ ထို့ကြောင့် နှမ ဓမ္မဒိန္နာ မင်းဖက်က ပိုင်ဆိုင်သည့် ကုဋေ ၄၀ သော ပစ္စည်းများ နှင့် ငါ့ဖက်က ပိုင်ဆိုင်ခဲ့သည့် ကုဋေ ၄၀ သော ရွှေငွေရတနာ ပစ္စည်းများဥစ္စာ စုစုပေါင်း ကုဋေ ၈၀ ကို မင်းဘဲ အပိုင်ယူကာ စီမံခန့်ခွဲပါတော့။ ငါသည် မင်းကို အမိအရာမှာဖြစ်စေ ညီမလေးအရာမှာ ဖြစ်စေ ထားကာနေပါ့မယ၊် ငါသည် မင်းကျွေးသည့် ထမင်းလေးဖြင့် အသက်ဆက်ရုံ နေပါမယ် ဟု ပြောပြလေ၏။ အကယ်၍များ မိဘအိမ်သို့ ပြန်လိုက ပြန်ပါနော်။ သို့တည်းမဟုတ် နောက်အိမ်ထောင်ပြုလိုပါကလည်း ငါခွင့်ပြုပါတယ်ဟု ထပ်ဆင့်ပြောပြလေ၏။

ဒီတစ်ကြိမ်မှာ ချစ်သူမောင် ဝိသာခ၏ စကားတို့သည် မယုံနိုင်လောက်အောင် ဖြစ်ရသည့်အတွက် ဓမ္မဒိန္နာကလည်း ပါရမီရှင်ပီပီ စဉ်းစားမိလေတော့၏။ ငါ့အရှင်သခင်၏ စကားတို့သည် ရှေးယခင်ကနှင့်မတူ၊ သာမန် အမျိုးသားသည် ဤကဲ့သို့သော စကားမျိုး ပြောရိုးထုံးစံမရှိ၊ တကယ်စင်စစ် ငါ့အရှင်သခင် လောကုတ္တရာတရားထူး ရလေပြီဟု ယုံကြည်သွားသောကြောင့် ဓမ္မဒိန္နာသည် ချစ်သူမောင် ဝိသာခ ကို မေးလေ၏။ အရှင်သခင် ရရှိသည့် တရားထူးမျိုးက ယောကျာင်္းတွေသာ ရရိုးထုံးစံ ရှိပါသလော၊ သို့တည်းမဟုတ် အမျိုးသမီးတွေလည်း ထိုကဲ့သို့သော တရားမျိုး ရနိုင်ပါသလော ဟု မေးသောအခါ အမျိုးသမီးများလည်း ရနိုင်ကြောင်းကို ဝိသာခ က ပြန်လည်ရှင်းပြလေ၏။
ချစ်သူမောင် ဝိသာခ၏ စကားအဆုံး၌ ဓမ္မဒိန္နာသည် ဘိက္ခုနီ(ရဟန်းအမျိုးသမီး) အဖြစ် သာသနဘောင်ဝင်ရောင်ဖို့ ချစ်သူမောင်ဝိသာခထံ ခွင့်ပန်လေသည်။ ဝိသာခလည်း ဘုရင်ဗိမ္ဗိသာမင်းကြီးထံ ထပ်ဆင့်လျှောက်ထားးပြီး ဘုရင်မင်းတရားက အမွှေးနံ့သာဖြင့် ဓမ္မဒိန္နာအား ထုံမွှမ်းစေလျှက် အခြွေရံပရိတ်သတ်များစွာ ခြံရံစေကာ ဘိက္ခုနီမများ ကျောင်းတော်သို့ ဘိက္ခုနီဝတ်ဖို့ခွင့် ပို့ဆောင်စေတော်မူသည်။ ဘိက္ခုနီ ဓမ္မဒိန္နာသည် ဆွေကြီးမျိုးကြီး သူဌေးသမီးဘဝမှ ဘိက္ခုနီဖြစ်လာသည့်အတွက် သူမနေသည့် ကမ္မဌာန်းကျောင်းသို့ ဧည့်သည်ပြတ်သည်မရှိ။ တရားဓမ္မများ ကောင်းစွာ အားထုတ်လို့ မရနိုင်ဖြစ်လေ၏။ ထိုသို့ဖြစ်သောအခါ ဘိက္ခုနီဓမ္မဒိန္နာသည် လူသူကင်း၍ ဆိတ်ငြိမ်ရာ အရပ်၌ တစ်ပါးတည်း တရားအားထုတ်တော်မူသောအခါမှသာလျှင် အာသဝေါကင်းကွာ ရဟန္တာထေရီမကြီး ဖြစ်သွားလေတော့သည်။။

အမှန်စစ်စ် ဓမ္မဒိန္နာသည် ခေသူတော့မဟုတ်ပါ။ သမိုင်းဝင် ဘိက္ခုနီမ တစ်ပါးပင်ဖြစ်ပါည်။ သူမသည် အတိတ်ဘဝ ကမ္ဘာတစ်သိန်းထက်က ပွင့်တော်မူသော ပဒုမုတ္တရဘုရားရှင်၏ အဂ္ဂသာဝက တစ်ပါးဖြစ်တော်မူသော ရဟန္တာအရှင်မြတ် သုဇာတ မထေရ်ထံတွင် အလှူဒါနများ အကြီးအကျယ်ပြုလုပ်လျှက် အရဟတ္တမဂ် အရဟတ္တဖိုလ် ရရှိရန်ဆုပန်ခဲ့ဖူးလေ၏။ ထို့အပြင် ဓမ္မဒိန္နာသည် ကဿပဘုရားရှင်၏ လက်ထက်တော်အခါကလည်း ကာသိတိုင်း ကိကီမင်းကြီး၏ သမီးတော် အပျိုဖော် ခုနစ်ဦးတွင်လည်း တစ်ဦး အပါဝင်ဖြစ်ခဲ့လေသည်။ ထိုညီအမ ခုနစ်ဖော်ကား (၁) သမဏီ၊ (၂) သမဏဂုတ္တာ၊ (၃) ဘိက္ခုနီ၊ (၄) ဘိက္ခုဒါယိကာ၊ (၅) ဓမ္မာ၊ (၆) သုဓမ္မာ၊ (၇) သံဃဒါယိကာ(သံဃဒါယီ) ဟူသော ညီအစ်မ ခုနစ်ဖော်တို့ပင် ဖြစ်ပါသည်။ ထိုညီအစ်မ ခုနစ်ဖော်တို့သည် အိမ်ထောင်မပြုဘဲ အပျိုစင်ဘဝဖြင့် နေကာ ကောမာရိဗြဟ္မစရိယ အကျင့်ကို တစ်သက်လုံး ဖြင့်ကျင့်၍ လည်းကောင်း ဘုရားရှင်နှင့် ဘုရားရှင်၏ တပည့်ရဟန်းတော်များအား တစ်သက်လုံး ပြုစုလုပ်ကျွေးကြကုန်လျှက်လည်းကောင်း မဂ်ဖိုလ်နိဗ္ဗာန်ရရန်ဆုပန်ခဲ့ကြလေသည်။

ကိကီမင်းကြီး၏ သမီးတော်ခုနစ်ယောက်တို့တွင် ဤဂေါတမ ဘုရားရှင်လက်ထက်တော်အခါ၌ သမဏီ ကား ခေမာထေရီ၊ သမဏဂုတ္တာ ကား ဥပ္ပလဝဏ္ဏာထေရီ၊ ဘိက္ခုနီကား ပဋာစာရာထေရီ၊ ဘိက္ခုဒါယိကာ ကား ကုဏ္ဍလကေသီထေရီ၊ ဓမ္မာ ကား ကိသာဂေါတမီထေရီ၊ သုဓမ္မာ ကား ဓမ္မဒိန္နာထေရီ၊ အငယ်ဆုံး သံဃဒါယီ ကား ဝိသာခါ ပုဗ္ဗာရုံကျောင်းအမကြီး ဖြစ်လာကြလေကုန်သည်။ ထို ညီအမခုနစ်ဖော်လုံး ဂေါတမဘုရားရှင် လက်ထက်တော်၌ ဧတဒဂ်ရာထူး ဌာနန္တရ အသီးသီး ရရှိခဲ့ကြလေသည်။ ထိုထေရီ ခုနစ်ပါးတို့တွင် ဓမ္မဒိန္နာကား ဘိက္ခုနီမ အားလုံးတွင် တရားဟော အကောင်းဆုံး ဓမ္မကထိက ဧတဒဂ်ကို စူဠဝေဒလ္လသုတ်ကို ယခင်က ချစ်သူမောင် အနာဂါမ်သူဌေးသား ဝိသာခအား ဟောကြားပြီးသည့်အဆုံး၌ မြတ်ဗုဒ္ဓက ပေးအပ်တော်မူခဲ့သည်။

အမှန်စင်စစ် စူဠဝေဒလ္လသုတ်ကို ရှင်မ ဓမ္မဒိန္နာထေရီသည် ရဟန္တာဖြစ်ပြီးနောက် တစ်ချိန်က သူ၏လင်တော်မောင် ချစ်သူ အနာဂါမ်တည်သွားသည့် ဝိသာခ သူဌေးက မေးသည့် ပုစ္ဆာများကို ဖြေရှင်းဟောကြားသော သုတ်ဖြစ်သည်။ ဝိသာခ သည် သောတာပန် သကဒါဂါမ် အနာဂါမ် အဆင့်နှင့် ဆိုင်သော အမေးပုစ္ဆာများကို ဦးစွာမေးလေသည်။ ထိုမေးမေးသမျှ အောက်မဂ်အောက်ဖိုလ် သုံးပါးနှင့်ဆိုင်သည့် အမေးပုစ္ဆာများကို ဓမ္မဒိန္နာထေရီက ရှင်းလင်းပြတ်သွားစွာ ဖြေကြားလေသည်။ တဆင့်တက်ပြီး ဝိသာခ က ဓမ္မဒိန္နာအား အရဟတ္တမဂ် အရဟတ္တဖိုလ် အဆင့်ဆိုင်ရာ မေးခွန်းကို မေးသောအခါ ဓမ္မဒိန္နာက သိတော်မူလိုက်သည်။ ဝိသာခသည် အနာဂါမ်အဆင့်သာဖြစ်သေးပါလျှက် အသင်ဟာ အဆင့်ကျော်ပြီး မေးသည်။ ဤအနာဂါမ်အဆင့်တန်းဆိုင်ရာ မေးခွန်းလောက်ပင် ရပ်ထားပါလော့ဟု ပြောလေတော့၏။ ဝိသာခသည် ရဟန္တာအဆင့်ဆိုင်ရာ ပုစ္ဆာများကို မေးသော်လည်း ဓမ္မဒိန္နာက ဖြေကြားသောအခါ သူ-ဥာဏ်လိုက်မမှီတော့ပေ။ ထိုအဖြေကို မြတ်ဗုဒ္ဓအား ဆက်လက် မေးပါရန် ဓမ္မဒိန္နာက ဝိသာခ အား ဆက်လက်ပြောကြားလေသည်။

ဝိသာခသည် မြတ်ဗုဒ္ဓအား ထိုအကြောင်းကို မေးလျှောက်သောအခါ အကယ်၍ ငါဘုရားရှင် ဖြေဆို ဟောကြားလျှင်လည်း ဓမ္မဒိန္နာဖြေဆို ဟောကြားသကဲ့သို့ပင် ဖြေဆိုဟောကြားမည်ဟု မိန့်တော်မူသည်။ မြတ်ဗုဒ္ဓက ဓမ္မဒိန္နာဟာ အလွန်ပညာရှိပါပေတယ် ဟု ချီးကြူးတော်မူပြီး ဓမ္မကထိက ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တော်မူခဲ့လေသည်။ ဤစူဠဝေဒလ္လသုတ်သည် ဘိက္ခုနီ ဓမ္မဒိန္နာဟောကြားသော သုတ်ဖြစ်သောကြောင့် သာဝကဘာသိတသုတ်(မြတ်ဗုဒ္ဓ၏တပည့် ဟောကြားသည့် သုတ်တော်) ဟု မမှတ်ယူသင့်ပေ။ ဇိနဘာသိတ ဗုဒ္ဓဘာသိတ(ဘုရားဟော) သုတ်တော်ဟူ၍ပင် မှတ်ယူရပေမည်။ အဘယ်ကြောင့်ဆိုသော် ဘုရင်မင်းမြတ်သည် သူကိုယ်တိုင်မရေးသားဘဲ မင်းတံဆိပ်ခတ်နှိပ်လျှက် ထုတ်ပြန်သည့်အမိန့်ဟူသမျှကို မင်းမိန့်ဟု ခေါ်ဆိုရသကဲ့သို့ မြတ်ဗုဒ္ဓကိုယ်တော်တိုင် သဗ္ဗညုတဥာဏ်တော်ဖြင့်တိုက်ဆိုင်ပြီး ငါဘုရားဟောလျှင်လည်း ဤဓမ္မဒိန္နာ ဟောသည့်အတိုင်းပင်ဖြစ်မည်ဟု အတည်ပြုထောက်ခံတော်မူခဲ့သောကြောင့် ဇိနဘာသိတ ဗုဒ္ဓဘာသိတ သုတ်ဟူ၍ပင် မှတ်ယူရပေမည်။

အရင်းစစ်တော့ အမိမြေက ဆိုသကဲ့သို့ အရင်းစစ်တော့ ဓမ္မဒိန္နာသည် ချစ်သူစိမ်း၍ သာသနဘောင်ဝင်ရောက်ကာ ရဟန္တာဖြစ်သွားသောကြောင့် ချစ်ဒုက္ခအားလုံး ငြိမ်းရခြင်းဖြစ်၏။ တစ်ချိန်ကတော့ ဓမ္မဒိန္နာသည် သူ့ချစ်သူ ဝိသာခသူဌေးသားနှင့် လက်တွဲခွင့်ရဖို့ စိတ်ရှည်ရှည်နှင့် စောင့်စားခဲ့ရပေလိမ့်မည်။ ခောတ်စကားနှင့်ဆိုရင် အချစ်တွေ ရဖို့ အမုန်းတွေပေးဆပ်ခဲ့ရပေမည်။ အကောင်းတွေရဖို့ အဆိုးတွေနှင့်ရင်ဆိုင်ခဲ့ရပေမည်။ အလင်းရောင်တွေရဖို့ အမှောင်ညတွေ ဖြတ်သန်းခဲ့ရပေလိမ့်မည်။ ယခုတော့ ဓမ္မဒိန္နာအဖို့ ချစ်သူစိမ်းရက်လို့ ကျန်ရစ်တဲ့ ခါးသည်းလှပါတယ်ဆိုတဲ့ အချစ်ဝေဒနာ သူမမှာ မရှိတော့ပေ။

လက်ပြနှတ်ဆက်၊ မင်းပြန်ရက်၍
အဆွေးငါ့မှာ ကျန်ရစ်တယ်။
ကျန်ရစ်သာငါ လွမ်းဆွေးကာစဉ်၊
မင်းလည်းလမ်းမှာ ဝမ်းနည်းစွာဖြင့်၊
ငိုနေလိမ့်မည် ငါလေထင်၏။
အော်…ဆွေးတသက်သက်
ငါ့အိပ်မက်က စိတ်လက်ရင်တုံ
ချစ်သူဘုံမှာ
ပြန်ဆုံဦးစို့ မင်းနှင့်ငါ။။
ဟူသော ချစ်သူဘုံကို ပြန်လည် ဆုံတွေ့ရန် ရှင်မ ဓမ္မဒိန္နာအဖို့ အိပ်မက်ဖြင့်ပင် မျှော်လင့်မှု မရှိတော့ပေ။ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး အချစ်နှင့်ပတ်သက်သည့် ပူပင်ကြောင့်ကြမှုမျိုး မရှိတော့။ အလွန်ငြိမ်းချမ်းလေစွ။

ရှင်မ ဓမ္မဒိန္နာသည် မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သည့်
အချစ်ကြောင့် ပူဆွေးသောက ရောက်ရ၏။ အချစ်ကြောင့် ဘေးဒုက္ခဖြစ်ရ၏။ အချစ်မှ လွတ်မြောက်သော သူအား စိုးရမ်သောက ဘေးဘယ ဘယ်သောအခါမှ မရှိ။ ဟူသော ဒေသနာကို ပြန်လည်ကြားယောင်ရင်း ရှိလေတော့သည်။

မှတ်ချက်။ ဓမ္မဒိန္နာထေရီ ဝိသာခအား ဟောကြားတော်မူခဲ့သည် စူဠဝေဒလ္လသုတ်မူရင်း ပါဠိတော်ဖြစ်စေ၊ ဆဌသင်္ဂါယနာမူ မြန်မာပြန်ဖြစ်စေ ဆက်လက်ဖတ်ရှု့ကြပါကုန်။

မေတ္တာဖြင့်
မေ့သားလှ-ဇလဂ္ဂ

၂၀-၁၁-၂၀၁၁
http:www.maytharhla.blogspot.com မှကူးယူဖော်ပြလိုက်ပါသည်။
စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)




 

           သြ၀ါဒ  


လောက၌ သူတော်ကောင်း-သူယုတ်မာ ဟု နှစ်မျိုးရှိ၏။
* သူတော်ကောင်းကို ပေါင်းသင်းသူသည် စံပယ်ပန်းထုပ်သော ဖက်ရွက်နှင့်တူ၏။
* သူယုတ်မာကို ပေါင်းသင်းသူသည် ငါးပုပ်ထုပ်သော သမန်းမြက်နှင့်တူ၏။
* ပစ္စုပ္ပန် တမလွန် ဘ၀ကောင်းကျိုး လိုလားသူတို့သည် စံပယ်ပန်းထုပ်သော ဖက်ရွက်ကဲ့သို့ ရနံ့ကောင်းအောင် သူတော်ကောင်းကို ပေါင်းသင်းကြရမည်။

ဘဒ္ဒန္တ ရာဇိန္ဒ မဟာထေရ်
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာ တိပိဋကတောရ
မဟာဝိသုဒ္ဓါရုံ စာသင်တိုက်၊ ပဓာနနာယကဆရာတော်



* ကုသိုလ်တရားဖြစ်အောင် အားထုတ်ရာတွင် ခန္တီအရေးကြီးတယ်။
* ပါရမီမြောက် သည်းခံမှု မရှိရင် ဒါနလည်း မပြုနိုင်ဘူး။
သီလလည်း မစောင့်ထိန်းနိုင်ဘူး။
ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပွားများမှုလည်း အထမမြောက်နိုင်ဘူး။
* ဒါကြောင့် အကောင်းအဆိုး အကြောင်းအကျိုးကို သိတဲ့ပညာ၊ အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်တဲ့ ၀ီရိယတွေ ခြံရံပြီး ကုသိုလ်ဖြစ်အောင် သည်းခံအားထုတ်ပြုလုပ်ရမယ်။

ဘဒ္ဒန္တ သြဒါတသီရိ ဘိဝံသ မဟာထေရ်
မန္တလေးတိုင်း မဟာအောင်မြေ သံလျက်မော် အရှေ့ရပ်ကွက် အဝေရာရာမ ရန်ကင်းကျောင်းတိုက်
ပဓာနနာယကဆရတော်


သာသနာဘောင်မှာ နေထိုင်ကြရာ၌ ၀ိနည်းသိက္ခာပုဒ်နှင့်အညီ ဣနြေ္ဒငါးပါးကို စောင့်ထိန်းလျက် ကြည်ညိုဖွယ်ဖြစ်အောင် နေထိုင်ကြပါ။
ဝိနည်းသိက္ခာပုဒ်နှင့် ပတ်သက်၍ မိမိတို့၏ အသက်နှင့် ခန္ဓာကိုယ် သေလျှင်သေပါစေ၊ ၀ိနည်းသိက္ခာပုဒ်ကို မချိုးမဖောက်ဘဲ နေထိုင်ကြပါ။
ကျောင်းတိုက် အသရေ၊ သာသနာတော်ရဲ့ အသရေကို မညှိုးနွမ်းစေရအောင် စောင့်ရှောက်နေထိုင်ကြပါ။ စာသင်တိုက်နေ ရဟန်းသံဃာများ စာသင်၊ စာကျက်၊ ၀တ်တက်၊ ဆွမ်းခံ မှန်-မမှန် ငါးခု သတိပြု။
ပတ်ဝန်းကျင်နေသူများအား ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားချစ်ခင် ကူညီရိုင်းပင်းကြပါ။

ဘဒ္ဒန္တ သီရိန္ဒ မဟာထေရ်
ရန်ကုန်တိုင်း လှိုင်မြို့နယ် ပါသာဒိကာရုံ စာသင်တိုက်
ပဓာနနာယက ဆရာတော်
 



* လူ့တန်ဖိုးဆိုတာ ကတိသစ္စာနှင့် ကိုယ်ကျင့်တရားပဲ။
* တဘ၀မှာ တခဏသာ ရရှိလာသည့် ခန္ဓာကိုယ်ကို သိမြင်နားလည်ခြင်း မရှိသူတို့သည်
နေ့စဉ် မကောင်းမှု အကုသိုလ်နှင့်သာ ပျော်မွေ့နေတတ်ကြသည်။
* တဘ၀မှာ တခဏသာ ရှိလာသည့် ခန္ဓာကိုယ်ကို သိမြင်နားလည်သူတို့သည်ကား
နေ့စဉ် ကောင်းမှု ကုသိုလ်နှင့်သာ ပျော်မွေ့နေတတ်ကြသည်။
* မိမိတို့ရရှိလာသည့် ခန္ဓာကိုယ်၏ အသက်ရှင်ခြင်းသည် အကျိုးရှိသော အသက်ရှင်ခြင်းဖြစ်ကြပါစေ။
ကုသိုလ်တရားများဖြင့် တန်ဖိုးကြီးသော အသက်ရှင်ခြင်း ဖြစ်ကြပါစေ။

ဘဒ္ဒန္တအာစရလင်္ကာသီရိ မဟာထေရ်
ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ကျောက်တော်ကျေးရွာအုပ်စု
ဆုတောင်းပြည့် သဒ္ဒါကျောက်တောရ မဟာအောင်မြေ
ပဓာနနာယက ဆရာတော်။




မေတ္တာ


* အချင်းချင်း မေတ္တာနဲ့နေကြ၊ ၀ိုင်းဝန်းကြပါ။
* ငါးပါးသီလ လုံခြုံအောင်နေကြပါ။
* ဘုရားရှိခိုးကြတာလည်း သြကာသနဲ့တင် မပြီးကြနဲ့။
* တကယ်ဗုဒ္ဓအစစ်၊ ဘုရားအစစ်ကိုရည်မှန်းပြီး အာရုံပြုကြပါ။
* ဘုရားဂုဏ်တော်တွေကို ပေါ်ထင်အောင် အာရုံပြုကြပါ။
* ကမ္ဘာသူ ကမ္ဘာသား ဝေနေယျသတ္တ၀ါတွေကို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ နက်နက်ရှိုင်းရှိုင်း မေတ္တာပို့သကြပါ။

အရှင်ဇနကာဘိဝံသ
မဟာဂန္ဓာရုံ ဆရာတော်
 



* အကြင်သူသည် ထိုထိုဤဤ လွင့်ပါးတတ်သော စိတ်တည်းဟူသော မျောက်စိတ်ကို သမထ၀ိပဿနာ ကျော့ကွင်းဖြင့် ဖမ်းယူခြင်းငှါ စွမ်းနိုင်၏။
* ထိုသူသည် လူ-နတ်-နိဗ္ဗာန် သုံးတန်သော ချမ်းသာမှ မဆုတ်ယုတ်နိုင်။

ဘဒ္ဒန္တ၀ဏ္ဏိတာဘိဝံသ မဟာထေရ်
မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မဟာဝိသုဒ္ဓါရုံတိုက်သစ်
သရက်တောဝါးတန်းကျောင်း ပဓာနနာယကဆရာတော်။


သြ၀ါဒ


* လောက၌ ရွှံ့ညွန်အညစ်အကြေးသည် ရေကြောင့် ဖြစ်ပေါ်ရ၏။
* ရေကြောင့် ဖြစ်ပေါ်သော ရွှံ့ညွန်အညစ်အကြေးကို ရေဖြင့် ဆေးကြောမှ သန့်စင်ပေသည်။
* ထို့အတူ အကုသိုလ်အညစ်အကြေးသည် စိတ်ကြောင့် ဖြစ်ပေါ်ရ၏။
* စိတ်ကြောင့် ဖြစ်ပေါ်သော အကုသိုလ်အညစ်အကြေးကို စိတ်ဖြင့်ပင် စင်ကြယ်အောင် သန့်စင်ရပေသည်။
* စိတ်ဖြင့် အကုသိုလ်အညစ်အကြေးကို သန့်စင်နိုင်သူသည် ချမ်းသာကို တွေ့ကြုံရပေလိမ့်မည်။

ဘဒ္ဒန္တပုညသေဋ္ဌ မဟာထေရ်
စစ်ကိုင်းတိုင်း ကလေးခရိုင် ကလေးမြို့
မဟာသန္တာရုံ စာသင်တိုက်
ပဓာနနာယကဆရာတော်



 

ကိုယ်သန့်သူနှင့် စိတ်သန့်သူ
တခါက အထက်အညာ မြို့ကလေးတမြို့တွင် အလွန်ဇီဇာကြောင်သော လူတဦးရှိသည်။ သူသည် အစားအသောက်စားရာ၌ သူတပါးနှင့် ဇွန်းပန်ကန် ခွက်ယောက်ချင်း ရောနှောပေါင်းစပ် မစားနိုင်ပါ။ ထို့ကြောင့် အများနှင့် ၀ိုင်းဖွဲ့ပြီး ဘယ်တော့မှ မစားပါ။ မလွှဲမရှောင်သာ၍ စားရလျှင် ထမင်းနှင့် ဟင်းများကို ပထမဦးစွာ အပြီးနှိုက်ယူထားလိုက်သည်။ သူတပါး နှိုက်ပြီးသား ထမင်းဟင်းကိုမူ နောက်ထပ် မနိုက်တော့ပါ။ ရှေးက လက်ရည်တပြင်တည်း စားကြပုံကို ပြောပြလျှင် အော့ကြီး အန်ကြီးဖြစ်၍ ရှောင်သွားတတ်သည်။

တခုသောနွေဦးပေါက်တွင် သူသည် မသွားဖူးသော ခရီးတခုကို သွားရသည်။ သူနှင့် ခရီးသွားမည့်အဖော်များ ရောက်ချိန်တန်လျက် ရောက်မလာသောကြောင့် တဦးတည်းထွက်ခွါလာခဲ့သည်။ သူသည် လမ်းခရီး အခြေအနေကို မသိသောကြောင့် ထမင်းကို အ၀စားခဲ့သည်။ အထုပ်ဖြင့်လည်း ထုပ်ယူလာခဲ့သည်။ ရေကိုလည်း ဘူးတောင်းနှင့် အပြည့်ထည့်ခဲ့သည်။ သို့သော် လမ်းမှာ အရိပ်အာဝါသနည်းသည့်အပြင် ရာသီဥတုကလည်း အလွန်ပူပြင်းလှသောကြောင့် ရေခဏခဏ သောက်ရသည်။ မကြာမီ ရေကုန်သွားလေသည်။

နေမွန်းတိမ်းသောအခါ ပို၍ ပူလာပြီး ချွေးကပိုထွက်လာသည်။ ရေအလွန်ဆာလာသည်။ နောက် ခရီးတတိုင် အတွင်း ရေမတွေ့လျှင် သေရချည်ရဲ့ဟုပင် ညည်းမိလေသည်။ သို့သော် ခရီးတတိုင် မသွားရပါ။ ကုန်းကလေး တခုကို ကျော်လိုက်လျှင် ဆီးပင်ကလေးများနှင့် ဇရပ်အိုတခုကို တွေ့ရသည်။ ဇရပ်၏ ရှေ့မျက်နှာစာတွင်လည်း ရေအိုးစင်ကလေးတခု ရှိ၏။ သူသည် အလွန်ဝမ်းသာသွားသည်။ ဇရပ်သို့ အပြေးတပိုင်းသွားပြီး ရေအိုးကို ဖွင့်ကြည့်လိုက်သည်။ ရေမှာ တ၀က်ကျော်ကျော် ရှိနေသည်။ တယ်ကံကောင်းပါလား-ဟု တကိုယ်တည်း ပြောပြီး ချိတ်ထားသော အိုးမှုတ်ခွက်ဖြင့် ရေတခွက် ခပ်လိုက်သည်။ သို့သော် ချက်ချင်းမသောက်ဘဲ စဉ်းစားနေလိုက် သေးသည်။

ဤရေမှုတ်သည် သူတကာ သောက်သုံးသော ရေမှုတ်ဖြစ်သည်။ ဘယ်လက်ဖြင့်ကိုင်သူက ညာနှုတ်ခမ်းမှ သောက်မည်။ ညာလက်ဖြင့်ကိုင်သူက ဘယ်နှုတ်ခမ်းဖြင့်သောက်မည်-စသည်ဖြင့် တောင်တောင်အီအီ တွေးတောစဉ်းစားသည်။ ထို့နောက် ဤဘက်ကတော့ မည်သူမှ သောက်မည်မဟုတ်-ဟု ယူဆကာ ရေမှုတ်ကို လက်ကိုင်တပ်ရာဘက်မှ သောက်ချလိုက်သည်။ ဤသို့ ရေနှစ်မှုတ် သုံးမှုတ်လောက် သောက်ပြီးမှ ကျေနပ်စွာဖြင့် ဇရပ်ပေါ် တက်နားလိုက်သည်။

သူရေသောက်နေစဉ် သူ့လှုပ်ရှားမှုကို စိုက်၍ကြည့်နေသော မျက်လုံးတစုံကိုမူ သူသတိမထားမိလိုက်ချေ။ ဇရပ်ပေါ်ထိုင်ပြီး ဟိုဟိုသည်သည် မျက်လုံးကစားလိုက်မှ မလှမ်းမကမ်း ဆီးပင်အောင်တွင် ထိုင်နေသော အနာကြီးရောဂါသည်တယောက်ကို မြင်လိုက်ရသည်။ ထိုလူမှာ ရောဂါကြောင့် ခြေ၊ လက်၊ နှာခေါင်းများပင် မပီပြင်တော့။ ဦးခေါင်းပတ်ပတ်လည် ဦးထုပ်ဆောင်းသည့် တ၀ိုက်တွင် အရေဖတ်များက လန်နေသေးသည်။ နဖူးနှင့် နှာခေါင်းကလည်း ချွေးတွေလား၊ ဘာတွေလဲ မသိ။ အဆက်မပြတ် စီးကျနေသဖြင့် ပုဆိုးဖြင့် ငုံ့ငုံ့ သုတ်နေရသည်။

ထိုရောဂါသည်သည် မျက်နှာကို ပုဆိုးဖြင့် တချက် ငုံ့သုတ်လိုက်ပြီး ဇရပ်ပေါ်က လူကို လှမ်းမေးလိုက်သည်။ ဒီမှာ ဇရပ်ပေါ်က လူကြီး ကျွန်တော်တခုလောက် မေးပါရစေ။ ထိုအခါ ဇရပ်ပေါ်ကလူက ရောဂါသည်ကြီး သူ့အနား လာမည်စိုး၍ ပျာပျာသလဲဖြင့် ပြောပါ ပြောပါ ကြားပါတယ်-ဟုဆိုသည်။
လူကြီးမင်း-စောစောက ရေသောက်တာ ရေမှုတ်လက်ကိုင်ဘက်က ဘာဖြစ်လို့ ကတ်သီးကတ်သတ် သောက်ရ တာပါလဲ ခင်ဗျား-ဟု ရောဂါသည်က မေး၏။

သြော်-ဒါလား ကျုပ်က ဘယ်အရာမဆို သန့်မှကြိုက်တာဗျ။ သူတကာ သောက်တဲ့ ခွက်နှုတ်ခမ်းကနေပြီး ကျုပ်ရေမသောက်နိုင်ဘူးလေ-ဟု ဆိုလျှင် ရောဂါသည်က သက်ပြင်းတချက်ချလိုက်သည်။ ကျွန်တော်
စိတ်မကောင်းပါဘူး၊ လူကြီးမင်းခင်ဗျား၊ ကျွန်တော်ဟာ အတိတ်ဘ၀က သူများအပေါ် မာန်မာနကြီး တခွဲသားနဲ့ မတူမတန် ဆက်ဆံခဲ့မိလို့ ထင်ပါရဲ့၊ အခု ဒီဘ၀မှာ အနာကြီးရောဂါသည် လာဖြစ်ရပါတယ်။ အဲဒီဝဋ်ကြွေးတွေကို ဒီဘ၀ ဒီမျှသာ ရှိစေတော့ဆိုပြီး လူမှန်းသိစအရွယ်ကတည်းက ငါးပါးပဉ္စသီ မြဲခဲ့ပါတယ်။ ဘယ်သူ့အပေါ်ပဲဖြစ်ဖြစ် စိတ်ကောင်းထားပါတယ်။ ကျွန်တော့ကို တိရစ္ဆာန်တကောင်လို ဆက်ဆံကြိမ်းမောင်းကြရင်တောင် ဘယ်လိုမှ စိတ်မရှိပါဘူး။ သူတို့နေရာမှာ ငါသာဆိုရင်လဲ ဒီလိုနေမှာပဲလို့ ကိုယ်ချင်းစာပြီး အများစိတ်အနှောက်အယှက် မဖြစ်အောင် သတိထား နေထိုင်ခဲ့ပါတယ်။ အခု အများအသုံးပြုတဲ့ ဇရပ်ပေါ်မှာတောင် တက်မနားဘဲ သစ်ပင်အောက်မှာ နေတာကိုသာ ကြည့်ပါ။

နောက်ပြီး မလွဲမရှောင်သာလို့ အများသောက်တဲ့ သောက်ရေအိုးမှာ ရေသောက်ရရင်လဲ အများကို ကိုယ်ချင်းစာပြီး အများသောက်တဲ့ခွက်ရဲ့ ဘယ်-ညာ နှုတ်ခမ်းတွေက မသောက်ပါဘူး။ ဘယ်သူမှမသောက်တဲ့ လက်ကိုင်ဘက်ကသာ ကတ်သီးကတ်သတ် သောက်ခဲ့ပါတယ်။ အခုတော့ လူကြီးမင်းကလဲ ကျွန်တော့လိုပဲ ကတ်သီးကတ်သတ် လက်ကိုင်ဘက်က သောက်တယ်ဆိုတော့ စိတ်မကောင်းဖြစ်လို့မေးမိတာပါ-ဟု နှာတရှုတ်ရှုတ်နှင့်ပြောသည်။ ဤတွင် ဇရပ်ပေါ်မှ လူဇီဇာကြောင်ကြီးမှာ မည်သို့မျှ အောင့်အည်းနိုင်စွမ်း မရှိတော့ပေ။ သောက်ပြီးသော ရေများသာမက စားပြီးသား အစာများပါ အကုန် အန်ချလေတော့သည်။

နောက် ငါးနှစ်မျှကြာသောအခါ အထက်ဖော်ပြပါ ဇရပ်အိုနေရာတွင် သစ်လွင်လှပသော ဆင်ဝင်စမုတ်နှင့် ဘုံအဆင့်ပါရှိသော ဇရပ်ကြီးတဆောင် မျက်လှည့်ပြလိုက်သလို ပေါ်ပေါက်လာသည်။ ထိုဇရပ်ကြီးသည် ကြီးကျယ်ခမ်းနားရုံမက ဆင်ဝင်စမုတ်၏ တဖက်တချက်တွင်လည်း သောက်ချင့်စဖွယ် ရေအိုးသုံးလုံးစီ ရှိသော ရေအိုးစင် လှလှကလေးများက နေရာယူထားသေးသည်။ ထို့ပြင် ဇရပ်၏တောင်ဘက် မလှမ်းမကမ်းတွင်လည်း ရေတွင်းကြီးတတွင်းက ရေငင်မောင်းတံနှင့် ပုံးနှင့် အသင့်ရှိနေပြန်သည်။ သောက်သုံးရုံမက ချိုး၍ပင် မကုန်နိုင်ချေ။

ထို့ကြောင့် အနှီဇရပ်ကြီးသည် ခရီးသွားတို့အတွက် အလွန်တရာ ကျေးဇူးများလှသော နားခိုစရာစခန်းကြီးတခု ဖြစ်နေပေသည်။ ထိုဇရပ်၌ နားခို၍ ခရီးဆက်ကြရသော လူအပေါင်းတို့သည် ဇရပ်တကာကောင်းမှုရှင်ကြီးကို မှန်းမျှော်၍ မေတ္တာပို့သကာ သာဓုအကြိမ်ကြိမ် ခေါ်သွားကြကုန်၏။

အများမြင်လောက်ရာ ဇရပ်တနေရာတွင် ရေးထိုးထားသော ကောင်းမှုရှင်အမည် ကမ္ပည်းစာတန်းကလည်း ထူးခြားလှသည်။ အညတြ လူသူတော်ကြီးကို ရည်စူး၍ ------မြို့နေ ဦးသန့်စင်+ဒေါ်မယ်အိုတို့၏ ကောင်းမှု-ဟူ၏။
ဦးသန့်စင်-ဟူသည်မှာ ဦးဇီဇာကြောင်ကြီးပင် ဖြစ်သတည်း။ သူသည် အနာကြီးရောဂါသည်၏ ပညာပေးခြင်းကို ခံလိုက်ရသည့်နေ့ကစပြီး အမြင်မှန် ရသွားသည်။ နောင်တတရားလည်း ရသွားသည်။ သူ၏ အများအပေါ် ရွံရှာတတ်သော ဇီဇာကြောင်မှု စိတ်ဆိုးကြီးကို အများနှင့် အဖန်တလဲလဲ ရောနှောစားသောက်ခြင်းအားဖြင့် နှိမ်နင်းပစ်လိုက်သည်။ ကြာလာသောအခါ ရွံရှာတတ်သောစိတ် အလျဉ်းမရှိတော့ရုံမက လူငယ်များနဲ့အတူ လက်ရည်တပြင်တည်းပင် စားပြလိုက်သေးသည်။ ဤသို့ နေ့ချင်း ညချင်း ပြောင်းလဲသွားသော သူ့ကို မြို့နေလူထုများက များစွာ အံ့သြကြလေသည်။ တကယ်တမ်းတွင် သူသည် ဇီဇာကြောင်တတ်သည်ကလွဲ၍ စိတ်ရင်းသဘော ဖြူစင်ကောင်းမွန်သူ ဖြစ်သောကြောင့် မကြာမီ အများ၏ ချစ်ခင်လေးစားမှုကို ခံရသည်။ မိတ်ဆွေရင်းချာများ ပေါများလာသည်။ စီးပွားမှာလည်း ဒီရေအလား တိုးတက်လာလေသည်။

ယခင်က သူသည် အလွန်ဇီဇာကြောင်သူဖြစ်သောကြောင့် အသက်လေးဆယ်ကျော်သည်အထိ အိမ်သူသက်ထားမရှိခဲ့ပေ။ အကျင့်ဆိုးကြီးကို ပြုပြင်လိုက်သည်မှစ၍ မြို့မေတ္တာကို ခံယူရရှိရုံမက ကွမ်းတောင်ကိုင် အချောအလှ မယ်အိ၏ မေတ္တာတုံ့ပြန်မှုကိုပါ ရရှိခဲ့လေသည်။ ဤကဲ့သို့ သူသည် ခြောက်ကပ်အထီးကျန်လှသော ဘ၀မှ စိုပြည်ချမ်းမြေ့ဖွယ် ကောင်းလှသော ဘ၀သို့ ရောက်ရှိခဲ့ပုံကို တွေ့မိလေတိုင်း သူ့ကို ပညာသားပါပါဖြင့် ဆုံးမပေးခဲ့သော ရောဂါသည်ကြီးကို သွား၍ သတိရမိလေသည်။ ထိုေ့ကြာင့် ကတညုတ-ကတဝေဒီ မင်္ဂလာတရားနှင့်အညီ ထိုကျေးဇူးရှင်ကြီး၏ ကျေးဇူးတရားကို အောက်မေ့သောအားဖြင့် သူနှင့်တွေ့ဆုံခဲ့ရာ ဇရပ်အိုကြီးနေရာတွင် ဇရပ်နှင့် ရေတွင်းများကို ဆောက်လုပ် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ထိုဇရပ်ကို လူသူတော်ဇရပ်ကြီးဟု အများက ခေါ်ကြလေသည်။ နောင်သော် လူသူတော်မှ မည်သို့မည်ပုံ ပြောင်းလဲသွားသည်မသိ။ ဖိုးသူတော်ဇရပ်ဟု ခေါ်ကြပြန်သည်။ ၄င်းဇရပ်အနီးမှ တောင်ကုန်းကိုကား ဇရပ်ကုန်းဟု ခေါ်ကြကုန်၏။ နောင်နှစ်ပေါင်း အတော်ကြာလာသောအခါ ဇရပ်ကြီးမရှိတော့ဘဲ ရေတွင်းကို ဗဟိုပြု၍ လူနေအိမ်ခြေများ ပေါ်ပေါက်လာလေသည်။ ထိုရွာ၏ အမည်သည်လည်း ဇရပ်ကုန်းရွာဟု တွင်လေသတည်း။

ထိုဇရပ်ကုန်းရွာ၏ အနောက်စူးစူး ကုန်းစောင်းကလေးတွင် အဝေးမှမြင်နိုင်သော ကျောက်ပုံစုစုကလေးမှာ ရှေ့ယခင်ကစ၍ ယနေ့တိုင်အောင် ရှိနေပါသေးသည်။ ထိုကျောက်ပုံကလေး၏ အောက်တည့်တည့်တွင် ကျေးဇူးရှင် လူသူတော်ကြီး ထာဝရအိပ်စက်အနားယူလျက် ရှိသည်ကို ဦးသန့်စင် သိမသွားပါချေ။

ထို့ထက်ပို၍ ဆိုရပါလျှင် ဦးသန့်စင်နှင့် တွေ့ဆုံခဲ့သော ထိုအချိန်က လူသူတော်ကြီးသည် သောက်ရေအိုးထဲမှ ရေကို သူ့ခွက်ထဲသို့ ထည့်ပေးပါရန် တောင်းပန်၍ ရမည့်သူကို မျှော်နေခဲ့ပါသည်။ ထိုစဉ် ဦးသန့်စင် ရောက်လာ၍ ရေသောက်ပုံကို မြင်ရသောအခါ ရေတောင်းရန် အစီအစဉ်ကို ဖျက်ပြီး ရေသောက်ပြီးလေဟန်ဖြင့် ဦးသန့်စင်ကို ဆုံးမခဲ့ခြင်းဖြစ်သည်။ တကယ်တမ်းတွင်မူ သူသည် မည်သည့်အခါမှ အများသောက်ရေအိုးတွင် ရေသောက်လေ့ မရှိပါ။ ထိုနေ့ကလည်း ရေမသောက်ဘဲ အငတ်ခံသွားခဲ့ပေသည်။

ထို့အပြင် သူသည် မိမိ၏ လက်ရှိဘ၀ခရီးကြီး နိဂုံးချုပ်ရတော့မည်ကို ရိပ်စားမိသောအခါ အနောက်ဘက် တောင်စောင်းသို့သွားပြီး ကျင်းကိုကိုယ်တိုင်တူးကာ ၀င်ရောက်အိပ်စက်ပြီး မိမိဇာတ်ကို မိမိဘာသာ သိမ်းခဲ့ ပါသည်။ နောက်တနေ့ နွားကျောင်းသူမကလေးများ ရောက်လာသောအခါ လေမှာ တလူလူလွင့်နေသော စွပ်ကျယ်အဖြူ မည်းညစ်ညစ်တွင် သွေးဖြင့် ရေးထားသည့် မြေဖို့ပေးခဲ့ကြပါ-ဟူသော စာကိုမြင်ကြရသည်။ မိန်းကလေးများက သနားကရုဏာသက်မိသောကြောင့် မြေဖို့ရုံသာမက အနီးအနားရှိ ကျောက်တုံးများကို ယူဆောင်စုပုံပြီး မှတ်တိုင်ကလေးတခုပါ စိုက်ထားပေးခဲ့ကြလေသည်။

ထိုအကြောင်းအရာများကိုလည်း ကွယ်လွန်သူ ဦးသန့်စင်တယောက် သိမသွားခဲ့ပါချေ။ အကယ်၍ သူသာ သိခဲ့မည်ဆိုပါလျှင်---


(ဦးကသာ-လောကမှန်ကူ)

မင်္ဂလာသတင်းစဉ်မှကူးယူတင်ပြလိုက်ပါတယ်..
                                 နှင်းဆီအေးမောင်2011.oct.19.ညအချိန်၆နာ၇ီ
ဓမ္မ ဆုံးမစာ
အခါခပ်သိမ်း ကိလေသာမီးတောက် လောင်နေသူများဖြစ်လျက်
 အဘယ် ကြောင့်ပျော်မြူး ရယ်ရွှင်ခြင်း ဖြစ်ဘိ သနည်း။
 အဘယ့်ကြောင့် နှစ်လိုဝမ်း သာခြင်း ဖြစ်ဘိသနည်း။
 အ၀ိဇ္ဇာအမိုက်မှောင်ကြီးဖြင့် ပိတ်ဆီး နေသူများ ဖြစ်ပါလျက်
 အဘယ်ကြောင့် ပညာတည်း ဟူသော ဆီမီးကို မရှာဘဲ နေကြကုန်သနည်း။
·                                         (ရှင်တော်ဗုဒ္ဓ)
·                                        
·                                         မှကူးယူပါသည်
·                                         နှင်းဆီအေးမောင်-2011.oct-17.Pm12;30

 



http://megaswf.com/file/1183556


http://api.ning.com/files/GDTWDsdN91k9cZYn3MiTVje071dWsQ7kUkiBClcswHasEIGEygGU6d23KfK6r1RdMRclZGyGA8dG3d6ZU9nDj2NldCtHbdx-/pagoda.swf


http://api.ning.com/files/WBbgT1EUzxvodURMoYNDTvmi9H3JEJ7Hg88tPMM0XfZlmz4ZWNHvAyQiKuVp8jSUs9S1iYc-LYJ3U*oMAIBfh6but19Ih1Gi/BUPJS.swf


http://api.ning.com/files/No81DLfbkuZG2zPscSwEKcCXhKsTw-R24WVY-7DGYBScnDbvqB1-XIx0Xw5bSjkX7kZyLL532yUqtvGIsXzkjWleKCY-cT*I/Buddhavam.swf

                         http://mmflashsongs.multiply.com/ (ကူးယူထားပါအိ)



♥♥ကိုယ့်ကိုယ်ကိုယ် အနိုင်ယူနည်း♥♥
၁။  မိမိရဲ့…… လောဘများကို  ဒါနတရားဖြင့် အနိုင်ယူပါ။
၂။  မိမိရဲ့…… ဒေါသများကို    သီလတရားဖြင့် အနိုင်ယူပါ။
၃။  မိမိရဲ့…… မောဟများကို   ၀ိပဿတရားဖြင့် အနိုင်ယူပါ။
၎။  မိမိရဲ့…… သူတပါးအပေါ်  ယှဉ်ပြိုင်လိုမှုများကို  မေတ္တာတရားဖြင့်
                            အနိုင်ယူပါ။ 
၅။  မိမိရဲ့ ……သူတပါးအပေါ်  အနိုင်ယူလိုမှုများကို  ကရုဏာတရားဖြင့်
                            အနိုင်ယူပါ။
၆။  မိမိရဲ့…… သူတပါးအပေါ်  မနာလိုမှုများကို  မုဒိတာတရားဖြင့်
                            အနိုင်ယူပါ။
၇။  မိမိရဲ့…… သူတပါးအပါ်  ရန်လိုမှုများကို   ဥပေက္ခာတရားဖြင့်
                            အနိုင်ယူပါ။
  ၈။  မိမိရဲ့…… သူတပါးအပေါ်  အပြစ်ပြောလိုမှုများကို ကိုယ်ချင်းစာတရားဖြင့်
                           အနိုင်ယူပါ။
၉။  မိမိရဲ့…… မနောကံ အကုသိုလ်များကို  ၀စီကံကုသိုလ်ဖြင့်
                          အနိုင်ယူပါ။
၁၀။  မိမိရဲ့…… နိမ့်ကျနေတဲ့စိတ်များကို  မိမိကိုယ်တိုင်မြှင့်တင်ခြင်းဖြင့်
                          အနိုင်ယူပါ။

                                                                    (ချမ်းအေး ဆရာတော်။ စစ်ကိုင်း)

                   ♥♥ နှင်းဆီအေးမောင်…ကူးယူတင်ပြပါတယ် ♥♥

                    8.oct.2011..ညနေ ၂ နာ၇ီအချိန်